မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Friday, September 23, 2011

ကယ်တင်ခြင်းအတွက် သင်ခန်းစာ

ဘုရားသခင်၏ အလိုတော်
မိတ်ဆွေအပါအ၀င် ကမ္ဘာပေါ်ရှိ လူသားတိုင်း ကယ်တင်ခြင်းသို့ ရောက်ဖို့ရန် ဘုရားသခင်အလိုတော်ရှိသည်။ ၁တိ ၂း၎၌ "လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍၊ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏" ဟု ဆိုထားပါသည်။ မိတ်ဆွေလည်း လူအပေါင်းထဲ၌ ပါဝင်သောကြောင့် ဘုရားသခင်သည် မိတ်ဆွေကို ကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ မိတ်ဆွေ .. ကယ်တင်ခြင်းသို့ ရောက်လိုပါသလား....

ယုံကြည်ခြင်း
     မိတ်ဆွေသည် ကယ်တင်ခြင်းရောက်ရန် ကျမ်းစာက ဤသို့ဆိုထားပါသည်။ "ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏" (ဧ ၂း၈) တနည်းအားဖြင့် ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။
    ကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏ တာဝန်သာဖြစ်သည်။ ယုံကြည်ဖို့ရန်မှာ လူ၏ တာဝန်ဖြစ်သည်။ ဘုရားသခင် အနေဖြင့် လူတိုင်းကယ်တင်ခြင်းသို့ ရောက်ဖို့ရန် ကျေးဇူးပြုခဲ့ပြီးပြီ၊ ထိုကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းကို ယုံကြည်ဖို့ရန်သာ လိုတော့သည်။ မိတ်ဆွေယုံကြည်လိုပါသလား။
 
ဘုရားအပိုင်း       လူအပိုင်း  
------------  +  ----------   =  ကယ်တင်ခြင်း
ကျေးဇူးပြုခြင်း   ယုံကြည်ခြင်း


ကြားနာခြင်းအားဖြင့်
     ကယ်တင်ခြင်းသို့ရောက်ရန် လူ့အပိုင်း မှ လိုအပ်ချက်သည် ယုံကြည်ဖို့ဖြစ်ကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ သို့ဖြစ်လျှင် ယုံကြည်ခြင်းသည် အဘယ်က ဖြစ်သနည်း။ ကျမ်းစာက "ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည်။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်သည်"  ဟု ဆိုထားပါသည်။  (ရော ၁၀း၁၇)  ထို့ကြောင့် ကြားနာခြင်းမရှိလျှင် ယုံကြည်ခြင်းမရှိနိုင်ချေ။ ရော ၁၀း၁၄ ၌လည်း "သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း" ဟုဆိုထားသည်။

သဘောတူထောက်ခံခြင်း
    ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်ကြောင်းသိရပြီ။ သို့သော် ကြားရသော အရာကို သဘောမတူ၊ မထောက်ခံ (သို့) သံသယရှိလျှင် ယုံကြည်သည်ဟု မဆိုနိုင်သေးချေ။ မိမိကြားရသော စကားကို သဘောတူထောက်ခံခြင်း၊ သံသယလည်း မရှိ၊ စောဒက မတက်မှသာလျှင် ယုံကြည်သည်ဟု ဆိုနိုင်ပေသည်။ တနည်းအားဖြင့် မိမိကြားသည့်အတိုင်း ပြန်လည်ပြောပြနိုင်ခြင်း ၀န်ခံခြင်းဖြစ်သည်။
    ဥပမာ လူတစ်ယောက်က သူ့နာမည်သည် မောင်မောင်ပါဟု သူ့ကိုယ်တိုင်မိတ်ဆက်လျှင် ကြားနာသူ တစိမ်းတစ်ယောက်အနေဖြင့် သူ့စကားကို ထောက်ခံနိုင်၊ သဘောတူနိုင်ပါက ယုံကြည်သည်ဟု ဆိုနိုင်ပေသည်။ ကြားသောသူက "ဟုတ်ကဲ့ သင်ပြောတဲ့အတိုင်း သင်သည် မောင်မောင်ဖြစ်ပါသည်" ဟု သဘောတူ၌ သံသယမရှိ၊ စောဒကလည်း မတက်မှ သူပြောသည့်အတိုင်း မောင်မောင်ဟု ပြန်ပြောမှ ယုံကြည်သည်ဟု ဆိုနိုင်ပေသည်။

ပို၌ယုံသင့်သောအရာ
     လူသည် လိမ်ညာ၍ မုသာစကားကို ပြောတတ်သည်။ သို့သော်လည်း တစ်ယောက်နှင့် တစ်ယောက် ယုံကြည်တတ်ကြသည်။ အပြောကောင်း အဆိုကောင်းလျှင် ယုံလွယ်ကြသည်။ သို့သော် မုသာမပြောဖူးသော ဘုရားသခင်၏ စကားကိုမူ မယုံကြည်တတ်ကြ။ ဘုရားသခင်၏ စကားကိုမူ မယုံကြည်တတ်ကြ။ ဘုရားသခင်၏ ကတိတော်များကို သံသယရှိကြသည်။ ဘုရားစကားထက် လူလူချင်း ပေးသော ကတိကို ယုံတတ်ကြသည်။ သို့သော် ကျမ်းစာက "လူ၏ သက်သေကို ယုံရလျှင် ဘုရား၏ သက်သေကို ပို၍ ယုံဘွယ်ရာအကြောင်းရှိ၏" ဟု ဆိုထားသည်။ (၁ ယော ၅း၉)
    လူပြောသောစကားထက် ဘုရားပြောသောစကားကို ပို၍ ယုံသင့်သည်ဟု ဆိုထားသည်။ မိတ်ဆွေသည် ဘုရားစကားနှင့် လူစကားအနက် မည်သူ့စကားကို ပို၍ ယုံပါသနည်း။ ဘုရားပြောသောစကားကို ပို၍ ယုံပါသည် ဟု မိတ်ဆွေဖြေလျှင် ဘုရားပြောသမျှကို ထောက်ခံနိုင်ရမည်။ မိတ်ဆွေ မသိ နားမလည်နိုင်သောလည်း သံသယကင်းစွာ သဘောတူနိုင်ရမည်။


အမြင်ခြင်း အကြံခြင်း မတူသောကြောင့်
      လူသည် အဘယ့်ကြောင့် ဘုရားစကားကို မယုံကြည်နိုင်ကြသနည်း။ အဘယ့်ကြောင့် ဘုရားစကားကို အလွယ်တကူ မထောက်ခံနိုင်ကြသနည်း ဟူမူကား ဘုရားအမြင်နှင့် လူ့အမြင် အကြံမတူသောကြောင့်ဖြစ်သည်။
    ဘုရားသခင် ကိုယ်တိုင်က "ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်" ဟု ဆိုထားသည်။ (၁ရာ ၁၆း၇) တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့် မတူ၊ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ။ မိုးကောင်းကင်သည် မြေကြီးထက် သာ၍ မြင့်သကဲ့သို့ ငါ၏ အကျင့်သည် သင်တို့၏ အကျင့်ထက် လည်းကောင်း၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍မြင့်၏" ဟု ဆိုထားသည်။ (ဟေရှာ ၅၅း၈-၉)
    ထို့ကြောင့် လူသည်ဘုရားသခင်စကားကို ယုံကြည်နိုင်ဖို့ရန်မှာ ဘုရားသခင်အမြင်အတိုင်းမြင်၍ ကိုယ့်အမြင်ကို ပယ်ဖို့လိုသည်။ ကိုယ့်အကြံအစည်ကို စွန်လွှတ်၍ ဘုရားအကြံအစည်အတိုင်း လက်ခံကြံစည်ဖို့ လိုသည်။

သာဓကများ
    ဘုရားအမြင်နှင့်လူ့အမြင် မတူညီချက်များကို အောက်ပါ သာဓကများဖြင့် သိနိုင်သည်။
(က) ဘုရားသခင်၏ အမြင်၍ လူဝိညာဉ်သည် တန်ဘိုးရှိသည်။ (မ ၁၆း၂၆)
(ခ) ဘုရားသခင်က နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို အရင်ရှာခိုင်းသည်။ လူက အစားအသောက်နှင့် အ၀တ်အစားကို အရင်ရှာချင်သည်။ (မ ၆း၃၁-၃၃) (အူမတောင့်မှ သီလစောင့်မည်ဟု ဆိုသည်။)
(ဂ) ဘုရားသခင်က အထက် (ကောင်းကင်) အရာကို ရှာပါဟု ဆိုသည်။ လူက မြေကြီးအရာကိုသာ ရှာချင်သည်။ (ကော ၃း၂)
(ယ) ဘုရားသခင်က ဘဏ္ဍာများကို ကောင်းကင်၌ စုထားကြပါဟု ဆိုသည်။ လူက မြေကြီးထဲ၌ မြှတ်လိုသည်။
(င) ဘုရားက အကောင်းဟု ဆိုလျှင် လူက အဆိုး၊ အလင်းကို အမိုက်၊ အချိုကို အခါး ဟု တလွဲယူဆတတ်သည်။ (ဟေရှာ ၅း၂၀)
    ဆက်လက်ဖေါ်ပြပါက ဘုရားနှင့် လူ့အမြင် အကြံတူညီချက် မရှိချေ။ အမြဲဆန့်ကျင်ဘက် ဖြစ်ကြသည်။ ထို့ကြောင့် အမြင်ခြင်း အကြံခြင်း မတူသော ဘုရား၏ စကားကို လူ့အနေဖြင့် ယုံကြည်ဖို့ရန် ခက်နေသည်။

ပယ်ဖို့လိုသည်
     ထိုသို့ ဘုရားအမြင်နှင့် လူ့အမြင်၊ ဘုရားအကြံနှင့် လူ့အကြံ မတူညီသောကြောင့် တဘက်ဘက်၌ မှားယွင်းပေမည်။ သို့ဖြစ်လျှင် မည်သူမှားနိုင်သနည်း။ ဘုရားသည် မှားနိုင်မည်မဟုတ်။ လူ့အမြင်နှင့် အကြံကိုပယ်၍ ဘုရားအမြင်အကြံအတိုင်း လက်ခံဖို့လိုသည်။
     ထိုသို့ ဘုရားသခင် အမြင်အတိုင်းမြင်၍ ဘုရားအကြံအတိုင်း ကြံနိုင်လျှင် ဘုရားသခင်နျင့် သူ့စကားကို ယုံကြည်ဖို့ မခက်တော့ချေ။ အလွယ်တကူ သဘောတူ ထောက်ခံလာနိုင်ပေမည်။ စိတ်နှလုံးခိုင်မာသောသူနှင့် ငါသည် ပညာရှိသည်ဟု ထင်သောကြောင့် ဘုရားသခင်ကို မယုံကြည်နိုင်ကြချေ။ မိတ်ဆွေ ဘုရားသခင်ကို မယုံကြည်နိုင်ချေ။ မိတ်ဆွေ ဘုရားသခင်အမြင် အတိုင်းမြင်၍ ဘုရားအကြံတော်အတိုင်း လက်ခံလိုပါသလား။ ဘုရားသခင်ကို ယုံကြည်ချင်ပါသလား။

No comments:

Post a Comment